Ephesians Burmese

you will need the zawgyi-one font >> HERE <<



ဧဖက်သြဝါဒစာ

ဧဖက်သြဝါဒစာ အခန်းကြီး ၁

၁ ဘုရားသခင်၏ အလိုတော်အားဖြင့်၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည် ဧဖက်မြို့၌ နေသော သန့်ရှင်းသူတည်း ဟူသော ယေရှုခရစ်ကို ယုံကြည်သောသူတို့ကို ကြားလိုက်ပါ၏။

၂ သခင်ယေရှုခရစ်နှင့် ငါတို့အဘ တည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။

၃ ငါတို့သည် ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည်အကြောင်း၊

၎ ဤကမ္ဘာ မတည်မရှိမှီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ၊ ကောင်းကင်ဘုံနှင့်ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

၅ ထိုဘုရားသခင်သည် ချစ်တော် မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကို ချီးမွမ်းစေခြင်းငှါ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း၊ အလိုတော်ရှိသော စေတနာအတိုင်း ရှေးမဆွက ခွဲခန့် မှတ်သားတော်မူ၏။

၆ ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန် များလှစွာသော ကျေးဇူးတော် သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်း ဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည်ခံရကြ၏။

၇ ဘုရားသခင်သည် နှလုံးသွင်တော်မူသော စေတနာတော်နှင့် လျော်သောအလိုတော်၏ နက်နဲသောအရာကို ငါတို့အား ပြတော်မူ၏။

၈ ထိုနက်နဲသော အရာဟူမူကား၊ ကာလ အချိန်စေ့စုံခြင်း၏ သာသနာတွင် ကောင်ကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကို ပေါင်း၍ခရစ်တော်၌ ချုပ်ခြာစေတော် မူလိမ့်သတည်း။

၉ မိမိစေတနာ၏ အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ၏ကြံစည် ခြင်းရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သား တော်မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံ ဖြစ်ကြ၏။

၁၀ အကြောင်းမူကား၊ ခရစ်တော်ကို မြော်လင့်နှင့်သော ငါတို့အားဖြင့် ဘုန်းတော်ကို ချီးမွမ်းစေခြင်းအကြောင်း ဖြစ်သတည်း။

၁၁ သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့် ယှဉ်သောဧဝံဂေလိတရားတည်း ဟူသော သမ္မာတရားကို ကြားနာရ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံရကြပြီ။

၁၂ ပိုင်ထိုက်တော်မူသောသူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနှုတ်တော်မူခြင်းသို့ မရောက်မှီ ကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့အမွေ၏ စားရန်ဖြစ်တော်မူ၏။

၁၃ ထိုကြောင့် သင်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့ကို ချစ်ခြင်းအကြောင်း ကို ငါသည်ကြားပြီးလျှင်၊

၁၄ သင်တို့ကို အကြောင်းပြု၍ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက်၊ သင်တို့အဘို့ အလိုငှါ ဆုတောင်းပဌနာပြုလျက်နေ၏။

၁၅ ဆုတောင်းသောအချက် ဟူမူကား၊ ငါတို့သခင်ယေရှုခရစ်၏ ဘုရားသခင် ဖြစ်တော်မူသော ဘုန်းကြီးသောအဘ ခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်းအလိုငှါ ပညာကိုင်း၊ ထိုးထွင်း သောဥာဏ်ကိုင်း၊ သင်တို့အားပေးပါမည်အကြောင်း၊

၁၆ ခေါ်တော်မူသောကြောင့် မြော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကိုင်း၊ သန့်ရှင်းသူတို့သည် ခံရသော အမွေတော်၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက် ကြီးသည်ကိုင်း၊

၁၇ ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီး လှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက် ကြီးသည်ကိုင်း၊ သင်တို့သည် သိစေခြင်းငှါ၊ သင်တို့၏ဥာဏ် မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။

၁၈ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူ၍ ခရစ်တော်၌ ပြုပြင်သော မဟာတန်ခိုးအာနုဘော်အရှိန်ကဲ့သို့ ဖြစ်၏။

၁၉ ခပ်သိမ်းသော အထွဋိအမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရ ခြင်းမှစ၍၊ ယခုဘဝ နောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သောဘွဲ့ နာမအလုံးစုံတို့အထက်၊ ကောင်းကင်အရပ်၌ မိမိလက်ျာ တော်ဘက်မှာ အလွန်မြင့်မြတ်သော နေရာကို ခရစ်တော်အား ပေးတော်မူ၍၊

၂၀ ခြေဘဝါးတော်အောက်သို့ အလုံးစုံ တို့ကို ချထားသဖြင့်၊ အသင်းတော်အဘို့ အလိုငှါ၊ သူ့ကိုအလုံးစုံတို့၏ အချုပ်အခြားဦးခေါင်းဖြစ်စေတော်မူ၏။

၂၁ ထိုအသင်းတော်ကား၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံတော်မူသောသူ၏ ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ ကိုယ်ဖြစ်သတည်း။



Chapter 2

ဧဖက်သြဝါဒစာ အခန်းကြီး ၂

၁-၂ သင်တို့သည် အထက်က လောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကိုအစိုးရသော မင်းတည်းဟူသော ငြင်းဆန်သောသူတို့၌ ပြုပြင်သောဝိညာဉ်၏ အလိုနှင့်အညီ၊ ဒုစရိုက်အပြစ်တို့၌ ကျင်လည် ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။

၃ ထိုငြင်းဆန် သောသူတို့နှင့်တကွ၊ ငါတို့ရှိသမျှသည် အထက်ကကိုယ်ကာယ၏ အလိုသို့င်း၊ စိတ်၏အလိုသို့င်း၊ လိုက်သဖြင့်၊ ကာမဂုဏ်တို့၌ ကျင်လည်သည်ဖြစ်၍၊ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူ ဖြစ်ကြ၏။

၎ သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့်၊

၅ ဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ တော်မူပြီ။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းသို့ ရောက်ရ၏။

၆ ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။

၇ အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါတို့၌ ကျေးဇူးပြု၍၊ ကျေးဇူးတော်၏ အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည်အကြောင်း ဖြစ်သတည်း။

၈ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလို အလျာက်ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။

၉ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ။

၁၀ အဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။

၁၁ ထိုကြောင့်၊ လက်ဖြင့် ကိုယ်ကာယ၌ပြုသော ဝေါဟာရ အရေဖျားလှီးခြင်းကိုခံရသော သူတို့ခေါ်ဝေါ် သောအားဖြင့်၊ အရေဖျားလှီးခြင်းကို မခံသောလူဟူ၍ ခေါ်ဝေါ်ကြသော သာသနာပလူတို့အထဲ၌ သင်တို့သည် အထက်က ပကတိအတိုင်းဖြစ်ကြသည်ကိုင်း၊

၁၂ ထိုအခါ သင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလအပေါင်း အသင်း၌ မဝင်၊ ဂတိတော်ပါသော ပဋိညာဉ်တရားတို့နှင့်မဆိုင်၊ မြော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့နေကြ သည်ကိုင်း၊ အောက်မေ့ကြလော့။

၁၃ သင်တို့သည် အထက်ကဝေးလျက် ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ။

၁၄-၁၅ အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။ ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓြွာတော်တွင် ပယ်ရှင်းတော်မူသဖြင့်၊ ပိုင်းခြားလျက် ရှိသောစပ်ကြား အုတ်တန်တိုင်းနံရံကို ဖြိုဖျက်၍ လူမျိုးနှစ်စုတို့ကို တစုတည်း ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကိုငြိမ်းစေပြီးလျှင်၊

၁၆ ကိုယ်တော်၌ ထိုလူစုနှစ်စုတို့ကို လူသစ်တဦးတကိုယ် တည်း ဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝတည်းဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကိုသတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်းတည်း။

၁၇ ထိုခရစ်တော်သည်လည်း ကြွလာ၍၊ ဝေးလျက်ရှိသော သင်တို့အားင်း၊ နီးလျက်ရှိသော ငါတို့အားင်း၊ ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ၏။

၁၈ ထိုသို့ ခရစ်တော်အားဖြင့် ငါတို့နှစ်ဦးသည် စိတ်ဝိညာဉ်တလုံးတဝတည်း ဖြစ်၍၊ ခမည်းတော်ထံသို့ တိုးဝင်ရမည့်အခွင့်ကို ရကြပြီ။

၁၉ ထိုကြောင့်၊ သင်တို့သည် တကျွန်းတနိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်း ဖြစ်ကြ၏။ ဘုရားသခင်၏ အိမ်တော်သားလည်း ဖြစ်ကြ၏။

၂၀ အဘယ်သို့နည်း ဟူမူကား၊ တမန်တော် မှစ၍ ပရောဖက်များတည်း ဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။

၂၁ ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက်နှင့် တတိုက်လုံးသည် စေ့စပ်၍ ကြီးပွား သဖြင့်၊ သခင်ဘုရားအဘို့ အလိုငှါ သန့်ရှင်းသောဗိမာန်တော်ဖြစ်၏။

၂၂ ထိုဗိမာန်တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလိုငှါ၊ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်လျက် ရှိကြ၏။



Chapter 3

ဧဖက်သြဝါဒစာ အခန်းကြီး ၃

၁ ထိုအကြောင်းကြောင့် ငါပေါလုသည် ယေရှုခရစ်နှင့် စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရ၏။

၂ သင်တို့အကျိုး ကိုထောက်၍ ငါ့အား အပ်ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော် သာသနာကို သင်တို့ကြားသိရသည် နှင့်အညီ၊ တပါးအမျိုးဖြစ်သော သင်တို့အတွက်ကြောင့် ငါခံရ၏။

၃ ကျေးဇူးတော် သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား၊ ငါသည်အထက်က အနည်းငယ်ရေးထားသည်အတိုင်း၊ ဘုရားသခင်သည် ဗျာဒိတ်တော် အားဖြင့် နက်နဲသောအရာအရာကို ငါ့အားးပြတော်မူ၏။

၎ ထိုစကားကို ဘတ်ရွတ်လျှင်၊ ခရစ်တော်၏နက်နဲသောအရာ၌ ငါလေ့ကျက်သည်ကို သင်တို့သည် သိရကြမည်။

၅ ထိုနက်နဲသောအရာကို သန့်ရှင်းသောတမန်တော်တို့နှင့် ပရော ဖက်တို့အား၊ ယခုကာလ၌ ဝိညာဉ်တော် အားဖြင့် ဖွင့်လှစ်တော်မူသည် နည်းတူ၊ အခြားသောကာလတို့၌ လူမျိုး တို့အား ပြတော်မမူ။

၆ ထိုနက်နဲသော အရာ ဟူမူကား၊ တပါးအမျိုးသားတို့သည် ဧဝံဂေလိတရားအားဖြင့် ယုဒအမျိုး သားတို့နှင့် အမွေခံ၍၊ တလုံးတဝတကိုယ်တည်း ဖြစ်လျက်၊ ခရစ်တော်နှင့်ဆိုင်သော ဂတိတော်ကို ဆက်ဆံရကြ

၇ သတည်း။ တန်ခိုးတော် ပြုပြင်သောအားဖြင့် ငါ့အားပေးသနားတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ၊ ထိုတရားကို ဟော

၈ ပြောသော ဆရာ၏ အဖြစ်သို့ငါရောက်ရပြီ။ စစ်၍မ

၉ ကုန်နိုင်သော ခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်း၏ ဧဝံဂေလိတရားကို တပါးအမျိုးသားတို့အား ဟောပြောခြင်းငှါင်း၊ အလုံးစုံတို့ကို ယေရှုခရစ် အားဖြင့် ဖန်ဆင်းတော်မူသော ဘုရားသခင်၌ ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာ နှင့်စပ်ဆိုင်သော သာသနာသည် အဘယ်သို့ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါင်း၊ သန့်ရှင်းသူ အပေါင်းတို့တွင် အငယ်ဆုံးသောသူထက်သာ၍ ငယ်သောငါအား ထိုကျေးဇူးတော်ကို ပေးတော်မူသည်။

၁၀-၁၁ အဘယ်ကြောင့်နည်း ဟူမူကား၊ ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု၍ ထာဝရအကြံတော်ရှိသည်နှင့်အညီ၊ ကောင်းကင်အရပ်တို့၌ အထွဋိအမြတ်အာဏာစက်တို့သည်၊ ဘုရားသခင်၏ ထူးဆန်းသောပညာတော်ကို အသင်း တော်အားဖြင့် ယခုသိရကြမည်အကြောင်းတည်း။

၁၂ ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ရဲရင့်သောစိတ် နှင့် တိုးဝင်၍ အသနားတော်ခံရသောအခွင့်ကို ရကြပြီ။

၁၃ ထိုကြောင့် သင်တို့၏အသရေကို ပြုစု၍ သင်တို့အတွက် ကြောင့် ငါခံရသော ဆင်းရဲခြင်းကို မြင်လျှင်၊ ရွေ့လျော့သောစိတ် မရှိကြပါစေနှင့်။

၁၄-၁၅ အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တအိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ရှေ့မှာ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏။

၁၆ ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ်တော်အားဖြင့် သင်တို့၏ အတွင်းလူကို ခွန်အားနှင့် မြဲမြံခိုင်ခံစေ၍၊

၁၇ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့၏ စိတ်နှလုံးထဲ၌ ကျိန်းဝပ်တော်မူမည်အကြောင်း၊ ဘုန်းတော်ကြွယ်ဝ ပြည့်စုံခြင်းနှင့်ညီလျော်စွာ သင်တို့အား ပေးသနားတော်မူ၍၊ မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်းရှိသဖြင့်၊

၁၈ သင်တို့သည် သန့်ရှင်းသူ အပေါင်းတို့၏နည်းတူ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြင်း၍သိခြင်းငှါင်း၊

၁၉ ကိုယ်ဥာဏ်နှင့်မသိနိုင်သော ခရစ်တော်၏မေတ္တာတော် ကို သိနားလည်ခြင်းငှါင်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ ပြည့်စုံတော်မူခြင်း ရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း၊ ငါသည်ဆုတောင်းလေ့ရှိ၏။

၂၀ ငါတို့၌ ပြုပြင်သော တန်ခိုးတော်အတိုင်း၊ ငါတို့တောင်း ပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်းငှါတတ်နိုင်တော်မူသော ဘုရားသခင်သည်၊



Chapter 4

ဧဖက်သြဝါဒစာ အခန်းကြီး ၎

၁ ခေါ်တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့် အထိုက်အလျောက် ကျင့်ဆောင်မည် အကြောင်း၊ သခင်ဘုရားအတွက်ကြောင့် အကျဉ်းခံရသောငါသည် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။

၂ အရာရာ၌ စိတနှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့်ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တယောက်ကိုတယောက် သည်းခံခြင်းရှိကြ၍၊

၃ အသင့်အတင့် ပေါင်းဘော်ခြင်း အဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်းစိတ်သဘော မခြားမနား တလုံးတဝတည်း ဖြစ်အံ့သောငှါ ကြိုးစား အားထုတ်ကြလော့။

၎ သင်တို့ကို ခေါ်တော်မူခြင်းနှင့် စပ်ဆိုင်သော မြော်လင့်ခြင်း တပါးထဲသို့ ခေါ်သွင်းတော်မူသည် နှင့်အညီ ကိုယ်တကိုယ်၊ ဝိညာဉ်တဝိညာဉ် တည်းရှိ၏။

၅ သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံ တပါး၊

၆ ခပ်သိမ်းသော ငါတို့၏အဘဖြစ်သော ဘုရားသခင်တဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် ခပ်သိမ်းသော ငါတို့၏ အပေါ်မှာ ရှိတော်မူ၏။ ခပ်သိမ်းသောငါတို့ကို နှံ့ပြားစေတော်မူ၏။ ခပ်သိမ်းသောငါတို့၏ အထဲ၌လည်း ရှိတော်မူ၏။

၇ သို့သော်လည်း ခရစ်တော်သည် ဆုပေးတော်မူသည်အတိုင်း ငါတို့သည် ကျေးဇူးတော်ကို အသီးအသီးကိုယ်စီ ခံရကြပြီ။

၈ ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား၊ မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသောသူ တို့ကို ဘမ်းသွားတော်မူ၍၊ လူတို့အား ဆုလပ်များကို ပေးတော်မူသည်ဟု လာသတည်း။

၉ တက်ကြွတော်မူ သည်ဟုဆိုသော်၊ အစစွာမြေကြီးအောက် အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍ဆိုသည် မဟုတ်လော။

၁၀ ဆင်းသက်တော်မူသောသူသည် အခြားသူမဟုတ်၊ အလုံးစုံတို့ကို ပြည့်စုံစေခြင်းငှါ၊ ခပ်သိမ်းသော ကောင်းကင် တို့၏ အထွဋိကိုလွန်၍ တက်ကြွတော်မူသောသူ ဖြစ်သတည်း။

၁၁ ခရစ်တော်၏ ကိုယ်တော်ကို တည်ဆောက်၍၊ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊

၁၂ သန့်ရှင်းသူ တို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌င်း၊ အချို့တို့ကို ပရောဖက်အရာ၌င်း၊ အချို့တို့ကို သာသနာပြုအရာ၌င်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌င်း၊ ခန့်ထားတော်မူ၏။

၁၃ ငါတို့ ရှိသမျှသည် ယုံကြည်ခြင်းသို့င်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့င်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူ၏အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။

၁၄ အကြောင်းမူကား၊ သူတပါးတို့သည် လူပရိယာယ်နှင့် အပြစ်သို့သွေးဆောင်ခြင်းငှါ လှည့်ဖြားပြော ဆိုသဖြင့်၊ ငါတို့သည်နောက်တဖန် ခပ်သိမ်းသော သြဝါဒလေတိုက်၍ ဖရိုဖရဲလွင့်သွားသော သူငယ်မဖြစ်ဘဲလျက်၊

၁၅ မေတ္တာစိတ်နှင့် သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်းတည်း ဟူသော ခရစ်တော်မှာ အရာရာတို့၌ ကြီးပွား ကြမည်အကြောင်းတည်း။

၁၆ ထိုဦးခေါင်းမှ၊ အဆစ်အပိုင်းများ တို့သည် အားဖြည့်သဖြင့်၊ တကိုယ်လုံးသည် စေ့စပ် ထုံးဖွဲ့လျက်၊ အသီးအသီးအင်္ဂါများ ကိုယ်ငန်းကိုယ်တာ အတိုင်း ပြုပြင်သည်နှင့်အညီ၊ မိမိကိုယ်ကိုမေတ္တာ၌ တည်ဆောက်ခြင်းငှါ ကြီးပွားစေတတ်၏။

၁၇ ထိုကြောင့် ကြွင်းသော တပါးအမျိုးသားတို့သည် လျှပ်ပေါ်သောစိတ်နှင့် ကျင့်သည်နည်းတူ၊ သင်တို့သည် နောက်တဖန် မကျင့်မည်အကြောင်း သခင်ဘုရားအခွင့်နှင့် ငါမှာလိုက်၏။

၁၈ ထိုသူတို့သည် ဥာဏ်အလင်းကွယ်သည် ဖြစ်၍၊ စိတ်နှလုံးမိုက်မဲသောအားဖြင့် အလျှင်းမသိသောကြောင့်၊ ဘုရားသခင်၏ အသက်နှင့်ကွာရှင်းလျက်ရှိကြ၏။

၁၉ ထိုသူတို့သည် ရှက်ကြောက်ခြင်းမရှိ၊ တပ်မက်ခြင်းအလွန်ပြင်းသည်နှင့် ညစ်ညူးသောအကျင့် အမျိုးမျိုးကို ကြိုးစား၍ကျင့်လိုသောငှါ၊ မိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ၏။

၂၀ ထိုသို့ဖြစ်စေခြင်းငှါ သင်တို့သည် ခရစ်တော်တရားကို သင်ကြပြီမဟုတ်ဘဲ၊

၂၁-၂၄ အထက်ကကျင် လည်ကြသည်အရာမှာ လှည့်ဖြားတတ်သော လောဘစိတ်တို့ဖြင့် ပုတ်ပျတ်သောလူဟောင်းကို ချွတ်ပယ်၍၊ စိတ်နှလုံးသဘောသစ်ကို ရပြီးလျှင်၊ မှန်သောဖြောင့် မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့်အတူ အမျှ ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်မည် အကြောင်း၊ ခရစ်တော်၏စကားကို ကြားနာရသည်ဖြစ်၍၊ ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသင်ထံ၌ နည်းခံကြပြီသတည်း။

၂၅ ထိုကြောင့် မုသာစကားကိုပယ်ရှား၍၊ မှန်သောစကားကိုသာ အချင်းချင်းတယောက်နှင့်တယောက် ပြောကြလော့။ အကြောင်းမူကား၊ ငါတို့သည် အချင်းချင်းအင်္ဂါချင်းဖြစ်ကြ၏။

၂၆ အမျက်ထွက်ရာတွင် အပြစ်မရှိ စေနှင့်။

၂၇ အမျက် မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။

၂၈ ခိုးတတ်သောသူသည် နောက်တဖန်မခိုးဘဲ၊ ဆင်းရဲသော သူအား ပေးကမ်းဝေငှရန် ရှိစေခြင်းငှါ၊ မိမိလက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အား ထုတ်စေ။

၂၉ ညစ်ညူး သောစကားတခွန်းကိုမျှ သင်တို့နှုတ်မှမထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှါ၊ တည်ဆောက် စရာဘို့ ကောင်းသောစကားကိုသာ သုံးဆောင်ကြလော့။

၃၀ ရွေးနှုတ်ခြင်းနေ့ရက် တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာ စေကြနှင့်။

၃၁ ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ် ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကိုင်း၊ ခပ်သိမ်း သောမနာလိုခြင်းကိုင်း၊ သင်တို့မှပယ် ရှားကြလော့။

၃၂ အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏ အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။



Chapter 5

ဧဖက်သြဝါဒစာ အခန်းကြီး ၅

၁ ထိုသို့ သင်တို့သည် ဘုရားသခင်၏ ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင်ကျင့်တော်မူသည် နည်းတူ ကျင့်ကြလော့။

၂ ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော်၌ မွှေးကြိုင်သော အနံ့ ရှိစေခြင်းငှါ၊ ကိုယ်ကိုကိုယ် ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက် စွန့်တော်မူသည် နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။

၃ မတရားသောမေထုံ၌မှီဝဲခြင်း၊ အမျိုးမျိုးသောကိလေသာ ညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားမျှဖြင့် မဆက်ဆံကြနှင့်။

၎ မတော်မလျော်သော ညစ်ညူး ပြက်ပြယ်ပြက်ယယ်သော စကားများကိုလည်း ပယ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းစကားကို သုံးကြလော့။

၅ မတရား သောမေထုန်၌ မှီဝဲသောသူ၊ ညစ်ညူးစွာပြုသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူဖြစ်သော လောဘလွန်ကျူးသော သူတစုံတယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံ၌ အမွေမခံရသည်ကို သင်တို့သိကြ၏။

၆ လျှပ်ပေါ်သော စကားဖြင့် အဘယ်သူမျှ သင်တို့ကိုမလှည့်ဖြားစေနှင့်။ ထိုအမှုကြောင့် ဘုရားသခင်၏အမျက်တော်သည် ငြင်းဆန် တတ်သော သူတို့အပေါ်သို့ သင့်ရောက်ပေ၏။

၇ ထိုကြောင့် သူတို့နှင့်ဆက်ဆံ၍ မကျင့်ကြနှင့်။

၈ အထက်ကာလ၌ သင်တို့သည် မှောင်မိုက်အတိဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သား ကဲ့သို့ ကျင့်နေကြလော့။

၉ အလင်းတော်၏အကျိုးမူကား၊ အလုံးစုံသော ကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာ စောင့်ခြင်း ဖြစ်သတည်း။

၁၀ သခင်ဘုရားနှစ်သက်တော်မူသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်ကြ လော့။

၁၁ အကျိုးမဲ့သော မှောင်မိုက်အမှုတို့နှင့် မဆက်ဆံသည်သာမက၊ ထိုအမှုတို့၏အပြစ်ကို ပြကြလော့။

၁၂ အကြောင်း မူကား၊ သူတို့သည် ဆိတ်ကွယ်ရာ၌ပြုသော အမှုအရာတို့ကို စကားပြောကာမျှနှင့် ညစ်ညူးခြင်း ပါသေး၏။

၁၃ အပြစ်ထင်ရှားသောအရာ ရှိသမျှတို့သည် အလင်းဖြင့်ထင်ရှားကြ၏။ ထင်ရှားစေတတ်သော အရာရှိသမျှသည် လည်း အလင်းဖြစ်၏။

၁၄ ထိုကြောင့် အိပ်ပျော်သောသူ နိုးလော့။ သေခြင်းမှထမြောက်လော့။ သို့ပြုလျှင် ခရစ်တော်သည် အလင်းကိုသင့်အား ပေးတော်မူမည်ဟု ဆိုသတည်း။

၁၅ ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။

၁၆ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြလော့။

၁၇ ထိုကြောင့် သတိမရှိ သောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြား၍ သိသောသူ ဖြစ်ကြလော့။

၁၈ လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်စုံလျက် ရှိကြလော့။

၁၉ ဆာလံသီချင်းမှစသော ဓမ္မသီချင်း အမျိုးမျိုးတို့ကို အချင်းချင်းပြောဆိုဘတ်ရွတ်၍၊ နူးညွတ်သောစိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌ ကျူးဧ၍ သီဆို ကြလော့။

၂၀ ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကိုထောက်၍၊ ခမည်းတော် ဘုရားသခင့်ရှေ့၊ ကာလအစဉ်မပြတ် ဝန်ခံကြလော့။

၂၁ ခရစ်တော်ကို ခန့်ညားသောအားဖြင့်၊ အချင်းချင်း တယောက်အောက်တယောက် ကိုယ်ကိုနှိမ့်ချလျက် နေကြလော့။

၂၂ အချင်းမိန်းမတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။

၂၃ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိကိုယ်ကိုကယ်တင်သောသူ ဖြစ်တော်မူ၏။

၂၄ အသင်းတော်သည် ခရစ်တော်၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ ဝန်ခံရကြမည်။

၂၅ အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။

၂၆-၂၇ ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက် ရှိသည်ဖြစ်၍၊ အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက်ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြောခြင်း အားဖြင့် စင်ကြယ်သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော်အဘို့ အလိုငှါ ကိုယ်ကိုကိုယ်စွန့်တော်မူ၏။

၂၈ ထိုနည်းတူ၊ ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။ ခင်ပွန်းကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူ ဖြစ်၏။

၂၉ ကိုယ်အသားကိုမုန်းသောသူ တယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူသကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။

၃၀ အကယ်စင်စစ် ငါတို့သည် သခင်ဘုရား၏သားတော်၊ အရိုးတော်တို့အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါဖြစ်ကြ၏။

၃၁ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တသား တကိုယ်တည်း ဖြစ်ရလိမ့်မည်။

၃၂ ဤအရာသည် အလွန်နက်နဲသောအရာ ဖြစ်ပေ၏။ ထိုသို့ငါဆိုသော်၊ ခရစ်တော် နှင့် အသင်းတော်ကို ရည်မှတ်၍ဆိုသတည်း။



Chapter 6

ဧဖက်သြဝါဒစာ အခန်းကြီး ၆

၁ သားသမီးတို့၊ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။

၂-၃ မိဘကို ရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်း ဟူ၍ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ်ဖြစ်၏။

၎ အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်၊ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန် သင်ခြင်း ကို ပြုလျက်ကျွေးမွေးကြလော့။

၅ အစေခံကျွန်တို့၊ ခရစ်တော်၏စကားကို နားထောင်သကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက်၊ စိတ်နှစ်ခွမရှိဘဲ လောကီသခင်၏စကားကို နားထောင်ကြလော့။

၆ လူတို့၏စိတ်ကို နူးညွတ်စေသောသူကဲ့သို့ မျက်မှောက်၌သာ နားထောင်သည်မဟုတ်၊ ခရစ်တော်၏ကျွန်ကဲ့သို့ စေတနာစိတ်နှင့် ဘုရားသခင်၏ အလိုတော်ကိုစောင့်၍၊

၇ လူ၏ အစေကိုသာ ခံသကဲ့သို့မဟုတ်၊ သခင်ဘုရား၏အစေကို ခံသကဲ့သို့ ကြည်ညိုသောသဘောနှင့် အစေကို ခံကြလော့။

၈ ကောင်းသောအကျင့်ကို ကျင့်သောသူမည်သည်ကား၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ သခင်ဘုရား၏ လက်တော်မှ အကျိုးကို ခံရလိမ့်မည်ဟု သိမှတ်ကြလော့။

၉ သခင်တို့၊ ခြိမ်းချောက်ခြင်းကို ချုပ်တည်း၍၊ ကိုယ်ကျွန်တို့ကို ထိုနည်း တူပြုကြလော့။ သင်တို့၏သခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူသည်ကိုင်း၊ ထိုသခင်သည် အဘယ်သူ၏မျက်နှာ ကို မှတ်တော်မမူသည်ကိုင်း သိမှတ်ကြလော့။

၁၀ ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့်င်း၊ တန်ခိုးတော်အရှိန်အား ဖြင့်င်း၊ ခိုင်ခန့်ခြင်းရှိကြလော့။

၁၁ မာရ်နတ်၏ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင်ပြင်ဆင် တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။

၁၂ အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ အထွဋိအမြတ်တို့နှင့်င်း၊ အာဏာစက်တို့နှင့်င်း၊ လောကီ မှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်င်း၊ မိုဃ်းကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်င်း၊ ဆိုင်ပြိုင်တိုက်လှန် ရကြ၏။

၁၃ ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့။

၁၄ သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊ ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊

၁၅ ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရား ကို ဟောပြောအံ့သောငှါ ပြင်ဆင်သော အဖြစ်တည်းဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။

၁၆ မာရ်နတ်ပစ်ခတ် သော မီးစက် လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကိုလည်း ခပ်သိမ်းသော လက်နက် တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။

၁၇ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကိုင်း၊ ဘုရား သခင်၏ နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ထားကိုင်း ယူကြလော့။

၁၈ ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပဌနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုဆုတောင်းခြင်းငှါ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူ အပေါင်းတို့အဘို့ ဆုတောင်းလျက် စောင့်ရှောက်ကြလော့။

၁၉-၂၀ ငါသည် ဧဝံဂေလိတရားကြောင့် သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံလျက်၊ သံတမန်အမှုကိုပြုရသည်ဖြစ်၍၊ ထိုတရား၏ နက်နဲသောအရာကို ဘော်ပြခြင်းငှါ ငါသည် နှုတ်ကို ရဲရင့်စွာ ဖွင့်လှစ်ခြင်းအခွင့် ရှိမည်အကြောင်းကိုင်း၊ ထိုတရားကို ဟောပြောအပ်သည်နှင့်အညီ၊ ရဲရင့်စွာ ဟောပြောမည်အကြောင်းကိုင်း၊ ငါ့အဘို့လည်း ဆုတောင်းကြလော့။

၂၁ သင်တို့သည် ငါ၌ဖြစ်သော အကြောင်းအရာများကို သိစေခြင်းငှါ၊ သခင်ဘုရားထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါချစ်သောညီ တုခိတ်သည် အလုံးစုံတို့ကို သင်တို့အား ဘော်ပြလိမ့်မည်။

၂၂ သင်တို့သည် ငါတို့၏ အကြောင်းအရာများကို သိမည်အကြောင်းနှင့်၊ ထိုသူသည် သင်တို့စိတ်နှလုံးကို သက်သာစေမည် အကြောင်း၊ ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်၏။

၂၃ ညီအစ်ကိုတို့၌ ငြိမ်သက်ခြင်းရှိပါစေသော။ ခမည်းတော်ဘုရားနှင့် သခင် ယေရှုခရစ်ပေးတော်မူသော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာ ရှိပါစေသော။

၂၄ ငါတို့သခင်ယေရှုခရစ်ကို အမှန်ချစ်သော သူအပေါင်းတို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။



AMAZING GRACE BIBLE INSTITUTE