1 Peter Burmese Bible

you will need the zawgyi-one font >> HERE <<



ရှင်ပေတရုသြဝါဒစာပဌမစောင်


ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၁





Chapter 2

၁-၂ ယေရှုခရစ်၏ တမန်တော်ပေတရုသည်၊ နားထောင်ခြင်းကျေးဇူး၊ ယေရှုခရစ်၏အသွေးတော်နှင့် ဖြန်းခြင်း ကျေးဇူးကို ခံရမည်အကြောင်း၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ရောက်၍၊ ခမည်းတော်ဘုရား သခင်၏ အနာဂတံသ ဥာဏ်တော်အတိုင်း ရွေးကောက်တော်မူသောသူတည်းဟူသော ပုန္တုပြည်၊ ဂလာတ် ပြည်၊ ကပ္ပဒေါကိပြည်၊ အာရိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသောဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူးတော် နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ များပြားပါစေသော။

၃ အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းအကြောင်းရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက် စေတော်မူသောအားဖြင့်၊ ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကိုတဖန် ဖြစ်ဘွားစေ တော်မူသော၊ ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

၎-၅ ထိုအမွေတော်သည်ကား၊ နောက်ဆုံးသော ကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူ သော သင်တို့အဘို့ ကောင်းကင်ဘုံ၌သိုထားလျက်ရှိသော အမွေတည်း။

၆-၇ အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်ဆီးတတ်သောရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်း သောအရာသည် သာ၍မြတ်သည်နှင့်၊ ယေရှုခရစ်ပေါ်ထွန်တော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့် ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။

၈ ထိုသခင်ကို သင်တို့သည်မမြင်ဘူးသော်လည် ချစ်ကြ၏။ ယခုမှာလဲ မမြင်ဘဲလျက် ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမှီနိုင်သော ရွှင်လန်းခြင်း စိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊

၉ စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်း ဟူသော ယုံကြည်ခြင်း၏အကျိုးကို ခံရကြ၏။

၁၀ ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ခံရ သောကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။

၁၁ ခရစ်တော်ခံတော်မူရသော ဆင်းရဲကိုင်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကိုင်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သော အခါ၊ အဘယ်မည်သောသူကိုင်း၊ အဘယ်သို့သောအချိန်ကာလကိုင်း ဆိုလိုတော်မူ သည်ဟု မေးမြန်ရှာဖွေကြ၏။

၁၂ ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဘို့မဟုတ်၊ သင်တို့ အဘို့ဖြစ်သည်ဟု ထိုသူတို့အား ဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှစေလွှတ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အားဧဝံဂေလိ တရားကို ဟောပြောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ၊ ထိုအရာတို့ကို ကောင်းကင်တမန် တို့သည် စေ့စေ့ကြည့်ရှုစဉ်းစားချင်သော စေတနာ စိတ်ရှိကြ၏။

၁၃ သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍သမ္မာသတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းတော် မူသော အခါ၊ သင်တို့ဆီသို့ ရောက်လတံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင် မြော်လင့်ကြလော့။

၁၄ အထက်ကသင်တို့သည် မှောင်မိုက်ထဲမှာကျင့်သေ တပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင် တတ်သော သူငယ်ကဲ့သို့ ဖြစ်၍၊

၁၅ သင်တို့ကိုခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်း ရှိကြလော့။

၁၆ အကြောင်းမူကား၊ ငါသည်သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြ လော့ဟု ကျမ်းစာလာသတည်း။

၁၇ လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသော သူတို့၏ အကျင့်အတိုင်း စီရင်တော်မူသော ခမည်းတော် ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင် ဧည့်သည်ဖြစ်စဉ်ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့် ကျင့်နေကြ လော့။

၁၈ မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်ဆီးတတ် သောဥစ္စာနှင့် သင်တို့ကိုရွေး တော်မူသည်မဟုတ်။

၁၉ အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့်ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကိုသိမှတ်ကြလော့။

၂၀ ထိုခရစ်တော်ကား ဤကမ္ဘာ မတည်မရှိမှီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကိုယုံကြည်သော သင်တို့အဘို့၊ ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။

၂၁ သင်တို့သည် ဘရားသခင်ကိုထောက်လျက် ယုံကြည်ခြင်း၊ မြော်လင့်ခြင်းရှိစေခြင်းငှါ၊ ထိုသခင်ကို ဘုရားသခင်သည် သေခြင်းမှထမြောက်စေ၍ ဘုန်းအသရေကို ပေးသနားတော်မူပြီ။

၂၂ သင်တို့သည် ဖောက်ပြန်ပျက်ဆီးတတ်သောမျိုးစေ့အားဖြင့် ဖြစ်ပွားသည်မဟုတ်။

၂၃ မဖောက်ပြန် မပျက် ဆီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော် အားဖြင့် ဖြစ်ပွားသောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်း အလိုငှါ၊ စိတ်ထဲမှာ သမ္မာတရား ကိုနားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ၊ စင်ကြယ်သောစိတ်နှင့် အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့။

၂၄ လူမျိုးရှိသမျှသည် မြက်ပင် ကဲ့သို့ဖြစ်၏။ လူမျိုး၏ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက် တတ်၏။ အပွင့်လည်းကြွေတတ်၏။

၂၅ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား ကာလအစဉ်အမြဲတည်၏၊ ထိုနှုတ်ကပတ်တော်သည် သင်တို့အားဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။



Chapter 2

ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၂

၁-၃ ထိုကြောင့်၊ သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို မြည်းစမ်းကြသည်ဖြစ်၍ အမျိုးမျိုး သော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်း အလိုငှါ နှုတ်ကပတ် တရား၏နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန်လိုချင်သောစိတ် ရှိကြလော့။

၎ လူတို့ပယ်ထား၍ ဘုရားသခင်ရွေးချယ်တော်မူသော အသက် ကျောက်မြတ်တည်း ဟူသော ထိုသခင်ထံသို့ သင်တို့သည်ရောက်၍၊

၅ အသက်ကျောက်များကဲ့သို့ အဆင့်ဆင့် အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှုခရစ်အားဖြင့် ဘုရားသခင် နှစ်သက်တော်မူရာ ဓမ္မယဇ်ကို ပူဇော်ရသော သန့်ရှင်းသော ယဇ်ပုရောဟိတ်မျိုးလည်းဖြစ်ကြ၏။

၆ ထိုသို့နှင့် အညီ ကျမ်းစာလာသည်ကား၊ ရွေးချယ်သောတိုက်ထောင့်အမြစ် ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ရှက်ကြောက်ခြင်းမရှိနိုင်ရာ ဟုလာသတည်း။

၇ သို့ဖြစ်၍ ယုံကြည်ခြင်းရှိသော သင်တို့၌ကား ဘုန်းအသရေရှိ၏။ နားမထောင်သော သူတို့၌ကား၊ တိုက်ကို တည်လုပ် သော သူများပယ်ထားသောကျောက်သည် နောက်တဖန် တိုက်ထောင်အထွဋိအဖျားသို့ ရောက်ပြန်၏။

၈ နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ၍လဲသောသူတို့သည် ထိမိ၍လဲစရာ ကျောက်၊ မှားယွင်း စရာကျောက်လည်းဖြစ်၏။ ထိုအမှုနှင့်တွေ့စေခြင်းငှါ ထိုသူတို့ကိုခန့်ထား တော်မူသတည်း။

၉ သင်တို့မူကား မှောင်မိုက်ထဲမှ အံ့ဘွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများ ကိုဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ကြ၏။

၁၀ အထက်က အပေါင်းအသင်းမဟုတ်၊ ယခုတွင် ဘုရားသခင်၏အပေါင်းအသင်း ဖြစ်ကြ၏။ ကရုဏာကျေးဇူးတော်ကို အထက်ကမခံရသော်လည်း ယခုတွင်ခံရကြ၏။

၁၁ ချစ်သူတို့၊ ဝိညာဉ်နှင့်စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊ ဧည့်သည်အာဂန္တုကဲ့သို့သော သင်တို့ကို ငါတောင်းပန်၏။

၁၂ သာသနာပလူတို့သည် သင်တို့ကို ကဲ့ရဲ့ပြစ်တင် ကြသည်အမှုမှာ၊ ဘုရားသခင်ကြည့်ရှုစီရင်တော်မူသော နေ့ရက်၌၊ သင်တို့၏ကောင်းသောအကျင့်ကို သူတို့သည် ထောက်ရ၍ှု ဘုရားသခင်ကို ချီးမွမ်းမည်အကြောင်း၊ သူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာ ကျင့်နေကြလော့။

၁၃ ဘုရားသခင်၏မျက်နှာတော်ကို ထောက်လျက်၊ အထွဋိအမြတ်တည်းဟူသော ရှင်ဘုရင်ဖြစ်စေ၊ လူဆိုးတို့ကို ဒဏ်စီရင်စေခြင်းငှါင်း၊ လူကောင်းတို့ကို ချီးမွမ်းစေခြင်းငှါင်း၊

၁၄ ရှင်ဘု၍ရင်ခန့်ထားသော ဝန်မင်းဖြစ်စေ၊ လူတို့တွင် စီရင်ခန့်ထားသမျှသော မင်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။

၁၅ အကြောင်းမူကား၊ သင်တို့သည် ကောင်းသော အကျင့်ကို ကျင့်သောအားဖြင့် လူမိုက်တို့၏ မိုက်မဲသောစကားကို ချေစေခြင်းငှါ၊ ဘုရားသခင်သည် ထိုသို့သော အလိုတော်ရှိ၏။

၁၆ လူလွတ်ဖြစ်သော်လည်း လွတ်ခြင်းအကြောင်းဖြင့် မကောင်းသောအမှုကို ဖုံးအုပ်သောသူကဲ့သို့ မကျင့်၊ ဘုရားသခင်၏ ကျွန်ကဲ့သို့ကျင့်နေကြလော့။

၁၇ ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကို ရိုသေခြင်းရှိကြလော့။

၁၈ အစေခံငယ်သားတို့၊ အလွန်ကြောက်ရွံ့ခြင်းနှင့်တကွ ကိုယ်သခင်တို့၏ အုပ်စိုးခြင်းကို ဝန်ခံကြ လော့။ သခင်သည် စိတ်ကောင်း၍ ဖြေးညှင်းသောသဘော ရှိသည်ဖြစ်စေ၊ ကြမ်းတမ်းသောသဘော ရှိသည်ဖြစ်စေ ဝန်ခံကြလော့။

၁၉ အကြောင်းမူကား၊ ဘုရားသခင်၏ မျက်နှာတော်ကိုထောက်၍၊ မတရားသော ညှဉ်းဆဲခြင်းကို နာကျင်စွာခံရလျှင် ကျေးဇူးရှိ၏။

၂၀ ကိုယ်အပြစ်ကြောင့် ဒဏ်ခံရသောအခါ သည်းခံလျှင်၊ အဘယ်ချီးမွမ်းစရာရှိသနည်း။ ကောင်းမွန်စွာ ပြု၍ ဆင်းရဲခံရသောအခါ သည်းခံလျှင်၊ ဘုရားသခင့်ရှေ့တော်၌ ကျေးဇူးရှိ၏။

၂၁ အကြောင်းမူကား၊ ထိုသို့အလိုငှါ သင်တို့ကိုခေါ်တော်မူပြီ၊ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကို ရှောက်လိုက်စေခြင်းငှါ ပုံသက်သေကိုထားတော်မူပြီ။

၂၂ ထိုသခင်သည် ဒုစရိုက်ကိုမပြူ။ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့။

၂၃ ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေခံရသောအခါ ခြိမ်းချောက်ခြင်းကိုမပြု။ တရားသဖြင့်စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ် အပ်နှံတော် မူ၏။

၂၄ ငါတို့သည် အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည် အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ ဒဏ်ချက်တော်များအား ဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏။

၂၅ သင်တို့သည် အထက်ကလမ်းလွဲ၍ ပျောက်သောသိုးကဲ့သို့ ဖြစ်ကြ၏။ ယခုမူကား၊ သိုးထိန်းတည်းဟူသော သင်တို့၏ဝိညာဉ်တို့ကို အုပ်စိုးကြည့်ရှု့တော်မူသော အရှင်ထံသို့ ပြန်ရောက်ကြပြီ။



Chapter 3

ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၃

၁ အထက်ဆိုခဲ့ပြီးသည်နည်းတူ မိန်းမတို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။

၂ သို့ပြု၍၊ နှုတ်ကပတ်တရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူတို့သည် တရားမနာသော် လည်း၊ သင်တို့၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကို ထောက်ရှု၍ မိမိမယား၏အကျင့်အားဖြင့် သွေးဆောင်လျက်၊ အတူပါမည်အကြောင်းရှိ၏

၃ သင်တို့၏ တန်ဆာဆင်ခြင်းမှုကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်း ဟူသော အပြင်တန်ဆာဆင်ခြင်းမဖြစ်စေဘဲ၊

၎ ဘုရားသခင့်ရှေ့မှာ အဘိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်း သဘော်တည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေ ကြလော့။

၅-၆ ဘုရားသခင်ကို ကိုးစား၍ သန့်ရှင်း သော မိန်းမတို့သည် ရှေးကထိုသို့ ကိုယ်ကိုတန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို သခင်ဟုခေါ်ဝေါ်၍ သူ၏စကားကို နားထောင်သကဲ့သို့ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝံခံကြ၏။ သင်တို့သည် ကောင်းမွန်စွာ ကျင့်၍ ကြောက်ရွံ့တုန်လှုပ်ခြင်း အလျင်းမရှိဘဲနေလျှင် စာရာ၏သမီးဖြစ်ကြ၏။

၇ ထိုနည်းတူ၊ ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှါ အသက်ရှင်ခြင်းကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံရသော သူချင်းကဲ့သို့ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ အားနည်းသောသူ ကို ပြုသင့်သည်အတိုင်း သူ့ကိုစောင့်မပြုစုကြလော့။

၈ အချုပ်အခြာစကားဟူမူကား၊ သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်းရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။

၉ သင်တို့သည် ကောင်းချီးမင်္ဂလာကို အမွေခံစေခြင်းအလိုငှါ ခေါ်တော်မူသောသူဖြစ်သည်ဟု သိမှတ်၍ အချင်းချင်းရန်တုံ့မမူ၊ ပြန်၍မကဲ့ရဲ့၊ မေတ္တာပို့ခြင်း ကိုပြုကြလော့။

၁၀ အသက်ကိုမွေ့လျော်စေ၍၊ ကောင်းမွန်သောနေ့ရက်တို့ကို တွေ့မြင်ခြင်းငှါ အလိုရှိသောသူသည် မိမိလျှာကို မကောင်းသောအရာနှင့်ကင်းလွတ်စေ။ မိမိနှုတ်ခမ်းလည်း မုသာစကားကိုမပြောစေနှင့်။

၁၁ ဒုစရိုက်ကို လွှဲရှောင်၍ သုစရိုက်ကိုပြုစေ။ သူတပါးနှင့် အသင့်အတင့်နေခြင်း ကိုရှာ၍ မှီအောင်လိုက်စေ။

၁၂ အကြောင်းမူကား၊ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ဆုတောင်းခြင်းကိုလည်း နားထောင်တော် မူ၏။ ဒုစရိုက်ပြုသောသူတို့ကား၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။

၁၃ သင်တို့သည် ကောင်းသောတရားကို ကျင့်သောသူဖြစ်လျှင်၊ အဘယ်သူညှဉ်းဆဲမည်နည်း။

၁၄ ဖြောင့်မတ်ခြင်းတရာကြောင့် ဆင်းရဲခံရလျှင်မူကား၊ မင်္ဂလာ ရှိကြ၏။ သူတို့၏ခြိမ်းချောက်ခြင်းကို မကြောက်ကြနှင့်၊ မထိတ်လန့်ကြနှင့်။

၁၅ စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရား သခင်ကို ရိုသေခြင်းရှိကြလော့၊ သင်တို့မြော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား နူးညံ့သော သဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြောခြင်းငှါ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။

၁၆ ခရစ်တော်၌ သင်တို့ကျင့်သောအကျင့်ကောင်းကို ရှုတ်ချသောသူတို့သည် ကဲ့ရဲ့ပြစ်တင်သောအခါ ကိုယ်တိုင်ရှက်ကြောက်ခြင်း ရှိမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်လျက် နေကြလော့။

၁၇ ဘုရားသခင့်အလို တော်ရှိလျှင်၊ သုစရိုက်ကိုပြု၍ ဆင်းရဲခံခြင်းသည်၊ ဒုစရိုက်ကိုပြု၍ ခံခြင်းထက်သာ၍ကောင်း၏။

၁၈ ခရစ်တော်သည် ကိုယ်ခန္ဓြွာအားဖြင့် အသေသတ်ခြင်းကိုခံ၍ ဝိညာဉ်တော် အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင့်အထံတော်သို့ ပို့ဆောင်ခြင်းငှါ၊ ဖြောင့်မတ်တော်မူသောသူသည် မဖြောင့်မတ်သောသူတို့ အတွက် ဒုစရိုက်အပြစ်များကြောင့် တခါခံတော် မူ၏။

၁၉ ထိုဝိညာဉ်တော်အားဖြင့်လည်း ကြွသွားတော်မူ၍ ယခု ထောင်ထဲမှာလှောင်ထားသော ဝိညာဉ်တို့အား တရားဟောတော်မူ၏။

၂၀ ထိုဝိညာဉ်တို့မူကား ရှေးကာလ၊ နောဧလက်ထက်၌၊ နီးသောသူတည်းဟူသော လူရှစ်ယောက်တို့ကို ရေအားဖြင့် ကယ်ဆယ်သောသင်္ဘောကို တည်လုပ်စဉ်တွင် ဘုရားသခင်၏ ခန္တီတော်သည် ဆိုင်းလင့်တော်မူသော်လည်း၊ နားမထောင်သော ဝိညာဉ်ဖြစ်သတည်း။

၂၁ ထိုသို့သော ဥပမာအတိုင်း၊ ယခုတွင် ဗတ္တိဇံ သည် ယေရှုခရစ်ထမြောက်တော်မူသောအားဖြင့်၊ ငါတို့ကိုကယ်တင် တတ်၏။ ဗတ္တိဇံ ဟုဆိုသော်၊ ကိုယ်ကာယ၏ အညစ်အကြေးဆေးကြောခြင်းကို မဆိုလို။ ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်၍၊ ဘုရားသခင့်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း။

၂၂ ထိုသခင်သည် ကောင်းကင်ဘုံသို့ကြွတော်မူသည် ဖြစ်၍၊ ကောင်းကင်တမန်အစရှိသော အာဏာစက်တန်ခိုးများတို့ကို အုပ်စိုးလျက်၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ရှိတော်မူ၏။



Chapter 4

ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၎

၁ ထိုသို့ ခရစ်တော်သည် ကိုယ်ခန္ဓြွာတော်၌ ငါတို့အတွက်ခံတော်မူသည် မှန်သောကြောင့်၊ သင်တို့ လည်း ထိုသို့သောသဘောကို လက်နက်ပြု၍သုံးစွဲကြလော့။ အကြောင်းမူကား၊ ကိုယ်ခန္ဓြွာ၌ခံသောသူသည် ဒုစရိုက်တို့နှင့် လွတ်ငြိမ်းသည်ဖြစ်၍၊

၂ နောက်တဖန် သူတို့၏တပ်မက်ခြင်းတရားကို မကျင့်၊ ဘုရားသခင်၏ အလိုတော်အတိုင်း ကျင့်လျက်၊ ကိုယ်ခန္ဓြွာအသက်အပိုင်းအခြား ကျန်ရစ်သောကာလကို လွန်စေတတ်၏။

၃ သာသနာပလူတို့၏ အလိုသို့လိုက်၍၊ ကိလေသာညစ်ညူးခြင်း၊ ကာမတပ်မက်ခြင်း၊ စပျစ်ရည်နှင့်ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း၊ အဓမ္မရုပ်တုကို ကိုးကွယ်ခြင်း၌ ကျင်လည်၍၊ ငါတို့လွန်စေပြီးသော အသက်ကာလသည် ငါတို့အားလောက်ပေ၏။

၎ ယခုမှာ သင်တို့သည် သူတို့နှင့်အတူ မဆက်ဆံ၊ ကာမဂုဏ်၌ လွန်ကျူးညစ်ညူးစွာ မပြုသည်အရာကို သူတို့သည် အံ့သြ၍ ကဲ့ရဲ့တတ်ကြ၏။

၅ သို့ဖြစ်၍၊ အသက်ရှင်သောသူတို့ကိုင်း၊ သေသောသူတို့ကိုင်း တရားစီရင်ခြင်းငှါ အသင့်ရှိတော်မူသော သူရှေ့၌၊ ထိုသူတို့သည် စစ်ကြောခြင်းကို ခံရကြလတံ့။

၆ ထိုအကြောင်းကြောင့် လူတို့ရှေ့၌ ကိုယ်ခန္ဓြွာအားဖြင့် အပြစ်စီရင်ခြင်းကို ခံရသော်လည်း၊ ဘုရားသခင့်ရှေ့တော်၌ စိတ်ဝိညာဉ်အားဖြင့် အသက်ရှင် မည်အကြောင်း၊ သေသောသူတို့သည် ဧဝံဂေလိတရားကို ကြားရကြ၏။

၇ ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည်ဖြစ်သောကြောင့်၊ သမ္မာသတိရှိကြ လော့၊ ဆုတောင်းခြင်းအလိုငှါ စောင့်နေကြလော့။

၈ အခြားသောအမှုအရာထက်မက၊ အချင်းချင်းအားကြီး သော ချစ်ခြင်းမေတ္တာရှိကြလော့။ ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။

၉ မြည်တမ်း ခြင်းမရှိဘဲ အချင်းချင်း ဧည့်သည်ဝတ်ကိုပြုကြလော့။

၁၀ သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီး ခံရသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူးအပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့။

၁၁ ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော်ထင်ရှား စေမည်အကြောင်း၊ ဟောပြောသောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်နှင့်အညီ ဟောပြောစေ။ အခြားသောအမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင် ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင် ။

၁၂ ချစ်သူတို့၊ သင်တို့ကို စုံစမ်းစရာဘို့ ယခုခံရသော မီးစစ်ခြင်းအရာကိုကား၊ သင်တို့၌ အံ့ဘွယ်သော အရာ ဖြစ်သည်ဟု ထင်မှတ်၍၊ အံ့သြခြင်းမရှိကြနှင့်၊

၁၃ သင်တို့သည် ခရစ်တော်၏ ဆင်းရဲကိုဆက်ဆံကြ သည်ဖြစ်၍ ဘုန်းတော်ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း၊ ယခုပင်ဝမ်းမြောက် ကြလော့။

၁၄ ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းကြီးသောဝိညာဉ် တော်သည် သင်တို့အပေါ်မှာကျိန်းဝပ်တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏။

၁၅ လူအသက်ကိုသတ်သောအပြစ်၊ သူ့ဥစ္စာကိုခိုးသောအပြစ်၊ ဒုစရိုက်ကို ပြုသောအပြစ်၊ သူတပါးအမှု၌ ရောနှော သောအပြစ်ရှိ၍၊ သင်တို့တွင် အဘယ်သူမျှမခံစေနှင့်။

၁၆ ခရစ်ယာန်ဖြစ်သောကြောင့် ခံရလျှင်မူကား ရှက်ကြောက် ခြင်းမရှိစေနှင့်။ ထိုအမှုကြောင့်ခံရလျှင် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းစေ။

၁၇ ဘုရားသခင်၏ အိမ်တော်သား တို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသောအချိန်ရှိပြီ။ ငါတို့ကိုရှေ့ဦးစွာ စစ်ကြောစီရင်လျှင်၊ ဘုရားသခင်၏ဧဝံဂေလိတရား စကားကို နားမထောင်သောသူတို့၏ အမှုသည် အဘယ်သို့ပြီးလိမ့်မည်နည်း။

၁၈ ဖြောင့်မတ်သောသူသည် ကယ်တင် ခြင်းသို့ ရောက်နိုင်ခဲသည်မှန်လျှင်၊ ဘုရားသခင်ကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူသည် အဘယ်မှာ ပေါ်လိမ့်မည်နည်း။

၁၉ ထိုကြောင့်၊ ဘုရားသခင်၏ အလိုတော်အတိုင်း ဆင်းရဲခံရသောသူတို့သည်၊ ဘုရားသခင်ကို သစ္စာရှိသောအသက်သခင်ကဲ့သို့ မှတ်လျက်၊ ကောင်းသောအကျင့်ကို ကျင့်နေ၍၊ ကိုယ်တော်၌ မိမိတို့အသက်ဝိညာဉ်ကို အပ်နှံကြစေ။



Chapter 5

ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၅

၁ သင်းအုပ်အရာ၌င်း၊ ခရစ်တော်၏ ဆင်းရဲဒုက္ခဝေဒနာကို သိမြင်သောသက်သေအရာ၌င်း ခန့်ထားသောသူ၊ ထင်ရှားစေတော်မူလတံ့သော ဘုန်းအသရေတော်ကို ဆက်ဆံသောသူဖြစ်သော ငါပေတရုသည်၊ သင်တို့တွင် ရှိသော သင်းအုပ်ချင်းတို့ကို တောင်းပန်ပါ၏။

၂ သင်တို့နှင့်အတူရှိသော ဘုရားသခင်၏သိုးတော်စုကို ထိန်းခြင်းအမှု မှာ၊ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ၊ အလိုလိုစေ တနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။

၃ အသီးအသီး အုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေ ကိုပြသော သူဖြစ်ကြလော့။

၎ သို့ဖြစ်လျှင်၊ သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့သည် မညှိုးမနွမ်းတတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။

၅ ထိုနည်းတူ၊ အသက်ပျိုသောသူတို့၊ အသက်ကြီးသောသူတို့၏ စကားကိုနားထောင်ကြလော့။ ထိုမျှကမ၊ အချင်းချင်းတယောက်အောက်တယောက် နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော် မူ၏။

၆ ထိုကြောင့်၊ ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကို မြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။

၇ သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။

၈ သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။

၉ သို့ဖြစ်၍၊ လူပြည်အရပ် ရပ်တို့၌ရှိသော သင်တို့ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကို ခံရကြသည်ဟု သိမှတ် လျက် ယုံကြည်ခြင်း၌ တည်၍မာရ်နတ်ကို ဆီးတားကြလော့။

၁၀ ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ ခေါ်တော်မူသော၊ ခပ်သိမ်းသော ကျေးဇူးကိုပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကို စုံလင်တည်ကြည် ခိုင်ခံ့မြဲမြံစေတော် မူလိမ့်မည်။

၁၁ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ အစွမ်းသတ္တိရှိတော် မူစေသတည်း။ အာမင်။

၁၂ ငါသည် သင်တို့ကို တိုက်တွန်းသွေးဆောင်လျက်၊ သင်တို့မှီဝဲဆည်းကပ်သော ဤအရာများသည် ဘုရားသခင်၏ ကျေးဇူးတော် အမှန်ဖြစ်သည်ဟု သက်သေခံလျက်၊ ဤစာကို အကျဉ်းအားဖြင့် ရေးပြီးမှ၊ ငါစိတ်ထင် သည်အတိုင်း သင်တို့အမှု၌ သစ္စာရှိသောညီအစ်ကို၊ သိလွှာနုလက်ဖြင့် ယခုပေးလိုက်၏။

၁၃ ငါ့သား မာကုမှစ၍ ဗာဗုလုန်မြို့၌ရှိသော သင်တို့နှင့်အတူ ရွေးချယ်တော်မူသောအသင်းတော်သည် သင်တို့ကို နှုတ်ဆက်ကြ၏။

၁၄ အချင်းချင်း တယောက်ကိုတယောက် မေတ္တာနမ်းခြင်းနှင့်နှုတ်ဆက်ကြလော့၊ ခရစ်တော်နှင့် ဆိုင်သော သင်တို့အပေါင်း၌ ငြိမ်သက်ခြင်းရှိစေသတည်း။ အာမင် ။



AMAZING GRACE BIBLE INSTITUTE